မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ ကယ်ထုတ်ထားပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ပိတ်မိနေကြတဲ့ အိန္ဒိယနိုင်ငံသား ၅၄၀ ထဲက ပထမအသုတ်ဖြစ်တဲ့ ၂၈၀ လောက်ကို အထူးလေယာဉ်နဲ့ မနေ့ မတ်လ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ထိုင်းနိုင်ငံကတဆင့် အဲဒီလူတွေကို အိန္ဒိယနိုင်ငံ ပြန်ခေါ်ဆောင်လာနိုင်ရေးအတွက် အိန္ဒိယသံရုံးအရာရှိတွေနဲ့ နယ်ခြားစောင့်တပ်တို့က C-17 အထူးလေယာဉ် စီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။ ကျန်နေသေးတဲ့သူတွေကိုတော့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ အလားတူ အထူးလေယာဉ်နဲ့ ထပ်မံ ခေါ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလူတွေဟာ အလုပ်အကိုင်အခွင့်အလန်းကောင်းရမယ်ဆိုတဲ့ ဖျားယောင် ခေါ်ဆောင်ခြင်းခံရပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်မှာ ပိတ်မိနေကြတာလို့ ဆိုပါတယ်။
အခု ဒီ အိန္ဒိယနိုင်ငံသားတွေကို ခေါ်ဆောင်တဲ့အစီအစဉ်ဟာ တရုတ်အစိုးရက ဒီနေရာမှာ အလားတူ ပိတ်မိနေသူ သူ့နိုင်ငံသားတွေကို ခေါ်ဆောင်တဲ့နည်းအတိုင်း မြန်မာဘက်အခြမ်းကနေ ထိုင်းနိုင်ငံကို တဆင့်ခေါ်လာပြီးတော့မှ အိန္ဒိယကို ပြန်ပို့တာလို့ ဆိုပါတယ်။
ဒီလူတွေ မြဝတီကနေ နယ်စပ်ဂိတ်ဖြတ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဝင်လာတဲ့အချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အညီ ပြည်ဝင်ခွင့် ငြင်းပယ်ခံကြရပြီးတော့မှ ထိုင်းအာဏာပိုင်တွေက အိန္ဒိယ အရာရှိတွေလက်ထဲ အဲဒီနေရာမှာတင် ချက်ခြင်း လွဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
Forum