သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြက်တွေအုပ်ပြီးခိုးဝင်လာတဲ့မြန်မာ ၅ ဦး ထိုင်းရဲ ဖမ်းဆီး


လူကုန်ကူးခံရပြီး ဖမ်းခံရသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ။
လူကုန်ကူးခံရပြီး ဖမ်းခံရသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများ။

ထိုင်းနိုင်ငံသို့လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၅ဦးကို ထိုင်းနိုင်ငံ ပကျွတ်ကရိန်ကနခရိုင် ထဲက Sing Khon ဂိတ်မှာ ဒီဇင်ဘာလ ၉ရက်နေက ဖမ်းဆီးလိုက်ပါတယ်။ လူတွေကို ကားနောက်ခန်းမှာမြက်တွေနဲ့ဖုံးပြီး သယ်ဆောင်လာတာဖြစ်ပြီး စစ်ဆေးဂိတ်မှာ စစ်ဆေး ချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းတောင်ပိုင်းကနေ မလေးရှား နယ်စပ်ကို လူမှောင်ခိုသမားတွေခေါ်လာတဲ့ သူတွေ ဖမ်းမိတာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ထဲမှာလူဦးရေ ၂၀၀ကျော်ရှိသွာပြီဖြစ်ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ပကျွတ်ကရိန်ကန်ခရိုင် ထဲမှာ ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် လူမှောင်ခိုသမားတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား၅ဦးကို ဖမ်းမိတာပါ။ သူတို့ ကိုတော့ လူကုန်ကူးခံရသူတွေအဖြစ် ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေကြောင်း မြန်မာသံရုံးကိုယ်စားပြုပြီးမြန်မာအလုပ်သမားတွေကိုဥပဒေကြောင်းအရ အကူညီ ပေးနေတဲ့ ရှေနေဦးအောင်မျိုးသန့် ကပြောပါတယ်။

"မြက်တွေနဲ့ အုပ်လာတော့ စစ်ဆေးရေးဂိတ်မှာစစ်တော့ မြန်မာတွေဖမ်းခံရတာပါပဲ ကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ အဓိက ကတော့ လူကုန်ကူးတာပါပဲ သူတို့က တာဝန်ယူမယ်ဆိုပြီး ခေါ်လာတာ နောက်တော့ ကားသမားက ထွက်ပြေး သွားတယ် အခုတော့ ဖမ်းခံရသူတွေကို လူကုန်ကူူခံရသူတွေအဖြစ် ထိုင်း အာဏာပိုင်တွေက စစ်ဆေးနေပါတယ်"

အဖမ်းခံရသူတွေကတော့ ကိုဖိုးဌေး၊ ကိုကျော်စိုးမိုး၊ ကိုသားစိုး၊ ကိုဇော်မင်းနှင့် မသန္တာစိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို တခါမှ ဝင်ရောက်မလာဖူးသလို ရန်ကုန်ကပွဲစားကို ဘတ်ငွေ ၃သောင်းပေးပြီး လာခဲ့ ကြရတယ်လို့ ဆိုပါတယ်။ ပွဲစားခိုင်းတဲ့အတိုင်း စစ်ဆေးရေးဂိတ်တွေက မတွေ့အောင် မြက်တွေနဲ့ အုပ်ပြီး ကားပေါ်မှာလိုက်လာခဲ့ကြတာပါ။

သူတို့ တွေဟာ မလေးရှားနယ်စပ်ထိ သွားဖို့လုပ်ထားကြသူများဖြစ်ပါတယ်။ ကားမောင်းသူထွက်ပြေးသွားပေမယ့် ကားနံပါတ်နဲ့ ကားပိုင်ရှင်ကို လိုက်လံစုံစမ်းပြီး အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းတောင်ပိုင်းကနေ မလေးနယ်စပ်ထိ သွားဖို့ အတွက် လူကုန်ကူး သမားတွေ ခေါ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက ဆက်တိုက်ဖမ်းဆီးနေရာမှာ နိုဝင်ဘာလ ထဲမှာပဲ ၂၀၀ကျော် ဖမ်းမိခဲ့တာပါ။ အခုဆိုရင် လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာ နိုင်ငံသားတွေကိုထိုင်းမလေးနယ်စပ် တလျောက်မှာဖမ်းမိတာဟာ ၂၀၁၈ခုနှစ်ထဲမှာ လူဦးရေထောင်ဂဏန်းလောက် ရှိသွားပြီဖြစ်ပါတယ် ။

၂၀၁၈ခုနှစ်အတွက်ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ လူကုန်ကူးမူနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် tire 2 က လျော့ချလိုက်ပြီး အဆိုးဝါးဆုံး TIRE 3 အဆင့်ကိုသတ်မှတ်လိုက်တာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလူမျိုးတွေ နဲ့ ဆက်စပ်ပြီး လူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG