သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦး ထိုင်းဘုရင်ထံ အသနားခံစာတင်


( Zawgyi/ Unicode )

ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ဦးကို သေဒဏ်ပြစ်ဒဏ်ကနေ ခွင့်လွတ်ပေးပါရန် ထိုင်းဘုရင်းမင်းမြတ်ဆီကိုအသနားခံစာတင်ပေးခဲ့ပါတယ်။

ဒီအသနားခံစာဟာ အောက်တိုဘာလ၂၄ ရက်၊ ဒီကနေ့ မနက် ၁၁နာရီအချိန်မှာ လူငယ် ၂ဦး အကျဉ်းချထားရာ ဘန်ခွမ်အကျဉ်းထောင်ကတဆင့် ဘုရင်မင်းမြတ်ဆီရောက်အောင် ပို့ဆောင်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ထားခြင်းခံရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ ၂ဦးနဲ့ ပတ်သက်လို့ အသနားခံစာကို ဘန်ခွမ်အကျဉ်းထောင်ကတဆင့် ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးရဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ နေ့လည် ၁၁နာရီလောက်က တင်ဖြစ်ပါတယ်။ ကျနော်တို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ရှေ့နေများ ကောင်စီတို့ အသီးသီးတွေ တွေဆုံတိုင်ပင်ပြီး အကောင်းဆုံးရေးသားကြဖို့ ညှိနှိုင်းတယ် အဲဒါတွေပါ။ ပြီးတဲ့အခါမှာ ကလေးတွေ မိဘ ၂ယောက်ပါတယ်၊ နောက်တခါ ရှေ့နေများ ကောင်စီ ပါတယ်၊ သံအမတ်ကြီးရဲ့ကိုယ်စားလှယ်အဖွဲ့ပါတယ်။ အဲဒါတွေနဲ့ ကျနော်တို့ ဘန်ခွမ်အကျဉ်းထောင်ကို သွားတင်တာပါ။ အမှန်တော့ ဘန်ခွမ်အကျဉ်းထောင်မှာ အရင် ပို့ရပါတယ်။ ကလေးတွေရဲ့လက်မှတ်ထိုးရပါတယ်။ အကျဉ်းစခန်းဦးစီးမူးရဲ့လက်မှတ်ရေးထိုး ထောက်ခံချက်ပါရပါတယ်။ အဲဒီကနေ တရားရေးဌာနကို ပို့ရပါတယ်။ အဲဒီကနေတဆင့် ဘုရင်မင်းမြတ်ထံကိုပို့ရတာပါ။”

အသနားခံကို မြန်မာပြည်တွင်းက လူထုအခြေပြုအဖွဲ့အစည်း ၆၀နဲ့ ထိုင်းဘက်က အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ထောက်ခံစာများနဲ့ အတူ ပူးတွဲပေးပို့ ထားတယ်လို့လည်း မြန်မာသံရုံးရဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ပါဝင်တဲ့အချက်အလက်တွေကတော့ မိခင်မုဆိုးမ ၂ယောက်ကို လုပ်ကြွေးဖို့လည်း ကလေးတွေမှာ အနာဂတ်ရှိနေပါတယ်။ ဒါကြောင့်ကလေးတွေကို သေဒဏ်အပြစ်ဒဏ်အစား တခြားပြစ်ဒဏ် ပြောင်းလဲပေးဖို့ အသနားခံစာတင်တာပါ။ အဖွဲ့အစည်း ၆၀က ထောက်ခံချက်ပါတယ်။ မြန်မာပြည် ထဲကလည်း သူတို့ ၂ဦးနဲ့ ပတ်သက်လို့အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံထားချက်တွေ ပါတယ်။ ထိုင်းဘက်က NGO တွေကလည်း ထောက်ခံကြောင်းစာတွေပါတယ်။”

ပြည်ပနိုင်ငံတခုခုမှာ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ပေးခဲ့ထားရတဲ့ မြန်မာနိုင်ငံသားတွေအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအဆက်ဆက်က ကြားဝင်ဆောင်ရွက်ပေးတဲ့ အစဉ်အလာ အရင်က မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရက ဒီကိစ္စမှာ ကူညီဆောင်ရွက်ပေးဖို့ ထိုင်းရှေ့နေများကောင်စီကို တောင်းဆိုခဲ့ပါတယ်။ဒီကနေ့တင်တဲ့ အသနားခံစာကို ကာယကံရှင်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးကိုယ်တိုင် လက်မှတ်ထိုး တင်တာမျိုးမဟုတ်ဘဲ မြန်မာအစိုးရခေါင်းဆောင် တဦးဦးက လက်မှတ်ထိုးတင်မယ်ဆိုရင် ဒီအသနားခံစာဟာ ပိုပြီး ထိရောက်မှုရှိနိုင်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမူဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ထိုင်းရှေနေများကောင်စီကလည်း အမြဲပြောတယ်။ ဖြစ်နိုင်ရင် မိသားစုဝင်တွေချည်းပဲမဟုတ်ပဲ ထိုင်းအစိုးရ ကိုယ်တိုင်တင်ပေးဖို့ သို့မဟုတ် အစိုးရခေါင်းဆောင်တွေ တာဝန်ယူပြီး တင်ပေးရင် ထိုင်းဘုရင်နန်းတော်ကအစ ပိုပြီး လေးစားတန်ဖိုးထား ဆုံးဖြတ်နိုင်တဲ့အမြင်ရှိတော့ အစိုးရ ကာကွယ်ရေးဦးစီးချုပ် သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံကအစ မေတ္တာ ရပ်ခံထားတာရှိတယ် ။ အဲဒီလိုမျိုးတင်ဖြစ်ရင်တော့ ထိုင်းဘုရင်ကြီးအနေနဲ့ ကလေးတွေရဲ့သေဒဏ်ကို တော့လျော့ပေါ့ စဉ်းစားနိုင်လိမ့်မယ် ကျနော်တို့က မျှော်လင့်ထားတယ်။”

ဒီလိုအသနားခံစာတင်လိုက်ပြီးနောက် ထိုင်းဘုရင်မင်းမြတ်ဘက်က အကြောင်းပြန်နိုင်တဲ့ နေရက်ကိုတော့ အတိအကျ မသိနိုင်သေးပါဘူး။ အရင်တုန်းကတော့ သေဒဏ် အကျဉ်းသားတွေ အတွက် အသနားခံစာတင်တဲ့အခါမှာ ဘုရင့်ရဲ့ နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလေ့ရှိပြီး ပြစ်ဒဏ်လျော့ချပေးတာတွေ လုပ်လေ့ရှိပါတယ်။

ဒါပေမဲ့ အခု မြန်မာလူငယ် ၂ဦးအမူကတော့ မြန်မာနိုင်ငံက အစိုးရတရပ်ကိုယ်တိုင် နောက်ကွယ်က ပါဝင်ပြီးအသနားခံစာ တင်ပေးတာ ဖြစ်တဲ့အတွက်ကော၊ လူထုအခြေပြုအဖွဲအစည်း အတော်များများရဲ့ ထောက်ခံစာတွေ ပါတဲ့အတွက်ကြောင့် ထိုင်းဘုရင်မင်းမြတ်ရဲ့ အကြောင်းပြန်နိုင်တဲ့ရက်က သာမန်ထက် စောမလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပမ်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ်၂ ဦးသတ်ခံခဲ့ရတာပါ။

ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံ၊ ကောစမွေ တရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

...................

{Unicode}













တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG