သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် ဆပ်ကော်မတီကြားနာပွဲ ရိုဟင်ဂျာအရေး ဆွေးနွေး


 ကယ်လီဖိုးနီးယား ပြည်နယ်က အောက်လွှတ်တော် ကိုယ်စားလှယ် Brad Sherman
ကယ်လီဖိုးနီးယား ပြည်နယ်က အောက်လွှတ်တော် ကိုယ်စားလှယ် Brad Sherman

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ ဆပ်ကော်မတီတစ်ခုဖြစ်တဲ့ အာရှ၊ ပစိဖိတ်နဲ့ လက်နက် မပြန့်ပွားရေး ဆပ်ကော်မတီ ကြားနာ စစ်ဆေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ ဝါရှင်တန် ဒီစီ၊ ကွန်ဂရက် အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။

ဒီ ကြားနာပွဲကို ဒီ ဆပ်ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ကယ်လီဖိုးနီးယား ပြည်နယ်က အောက်လွှတ်တော် ကိုယ်စားလှယ် Brad Sherman က ဦးဆောင်ခဲ့ပါတယ်။ Brad Sherman ဟာ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံက ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွှဲပြောင်း ပေးသင့်ကြောင်း ပြောကြားခဲ့တဲ့ အမေရိကန် အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ ကြားနာစစ်ဆေးပွဲကို Human Rights in Southeast Asia: A Regional Outlook အရှေ့တောင်အာရှက လူ့အခွင့်အရေး အခြေအနေ၊ ဒေသဆိုင်ရာ အမြင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ ကိုရဲမင်းထွန်းက စုစည်း တင်ပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ အာရှ၊ ပစိဖိတ်နဲ့ လက်နက် မပြန့်ပွားရေး ဆပ်ကော်မတီ ကြားနာ စစ်ဆေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်တစ် အမတ် Brad Sherman က ဦးဆောင်ခဲ့ပြီး ဖလော်ရီဒါပြည်နယ် ရီပတ် ပလစ်ကင်အမတ် Ted Yoho၊ ကယ်လီဖိုးနီးယား က ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်တဲ့ Mike Levin နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်က ဒီမိုကရက်တစ် အမတ် Chrissy Houlahan အပါအဝင် အောက်လွှတ်တော် အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဆပ် ကော်မတီ ဥက္ကဌဖြစ်သူ Brad Sherman က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန်ရဲ့ အရေးပါမှုကို စတင် ပြောကြားခဲ့ပါတယ။်

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိအောင်နဲ့ အရပ်သား အစိုးရ အာဏာရရှိရေး ကြိုးစားတဲ့အထဲမှာ အရေးပါတဲ့ အခန်းဏ္ဍက ပါဝင်ခဲ့ပါတယ်။ အခု အရပ်သား အစိုးရ လက်ထက်မှာပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အားမရစရာ မတွေ့ ရပါဘူး။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူမျိုုးစုတွေ အပေါ် ကျူးလွန်ခဲ့တဲ့ အခြေအနေတွေဟာ ဆိုးရွားလှပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေ အခြေအနေတွေ အမြဲတမ်း ဒီလိုသွားနေတာဟာ ဘင်္ဂလားဒေ့ရှ်အတွက် လက်မခံ နိုင်စရာ ဖြစ်သလို အမေရိကန်နိုင်ငံအတွက်လည်း လက်ခံလို့ မရပါဘူး။ ကျွန်တော် အရင်က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမိတ်ပြောင်းလဲ ပစ်ဖို့ ပြောခဲ့ဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာဆီနာက လက်မခံခဲ့ပါဘူ။ ဒီ ခေတ်ထဲ ဒီလို လူ မျိုးတုံး ကိစ္စတွေ ရှိခဲ့လို့ ဆူဒန်နိုင်ငံမှာ နယ်နိမိတ် ပြောင်းခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။”

အောက်လွှတ်တော် အမတ် Brad Sherman က အရင်က ချမှတ်ထားခဲ့တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့တာ ဖြစ်ပြီး အဲဒီ ပိတ်ဆို့မှုတွေဟာ အလုပ်ဖြစ်ခဲ့ကြောင်း၊ မကြာခင်ကပဲ မြန်မာ စစ်တပ် ခေါင်းဆောင် တစ်ချိုု့အပေါ် ခရီးသွားလာမှု ပိတ်ပင်ခဲ့ပေမဲ့ ကျွန်တော်တို့ ဒီထက် ပိုလုပ်ဖို့ လိုအပ်ကြောင်း၊ စစ်တပ် ရဲ့ ဘဏ္ဍာရေးနဲ့ တပ်ပိုင် လုပ်ငန်းကြီးတွေအပေါ် အရေးယူ ပိတ်ဆို့မှု လိုအပ်ကြောင်းလည်း ပြောခဲ့ ပါတယ်။

အဲဒီနောက် Refugee International အဖွဲ့က Dr. Helen Huang က အဖွဲ့ရဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် အခြေအနေ သမိုင်းကြောင်းကို ရှင်လင်းပြီး ဒီ အကျပ်အတည်း ဖြေရှင်းဖို့ အမေရိကန်နိုင်ငံဘက်က လုပ်နိုင်တဲ့ အကြံပြုချက်တွေကို တင်ပြခဲ့ပါတယ်။

“ပထမ အချက်အနေနဲ့ ဒုက္ခသည်တွေ ဌာနေပြန်ဖို့ နိုင်ငံတကာက ဆက်လက် ဖိအားပေး လုပ်ရပါတယ်။ မြန်မာ စစ်တပ်အပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ လုပ်ရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ဒီကိစ္စကို ကိုင်တွယ်နိုင်အောင် လုပ်ရပါမယ်။ နောက် အချက်အနေနဲ့ ကွန်ဂရက်က ပြဌာန်းထားတဲ့ Burma Act ကို ဆက်လက် ထားရှိဖို့လည်း လိုပါတယ်။ တတိယ အချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီ တိုးမြင့် ပေးဖို့လိုပါတယ်။ ဒုက္ခသည်တွေ လွတ်လပ်စွာ သွားလာနိုင်ဖို့လည်း လုပ်ရပါမယ်။ အကောင်းဆုံးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးပါ။ ဒါပေမဲ့ အဲဒီ အခြေအနေ မရောက်နိုင်သေးပါဘူး။ မြန်မာနိုင်ငံထဲမှာတင် ဒုက္ခသည် ၇၀၀၀ လောက်ဟာ စခန်းသွင်းခံထားရသလို ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် သူတို့ရဲ့ အခြေအနေက အလွန်အမင်း ဆိုးရွား နေပါတယ်။”

ကြားနာပွဲရဲ့ နိဂုံးချုပ် စကား ပြောကြားရာမှာတော့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ လက်နက် မပြန့်ပွားရေး ဆပ်ကော်မတီ ဥက္ကဌ Brad Sherman က ဒေါ်အောင်ဆန်းစုကြည် အာဏာ မရခင်က ယခင်က မြန်မာနိုင်ငံအပေါ် ထားရှိခဲ့ဖူးတဲ့ မြန်မာ ကျောက်မျက်တွေကို ပိတ်ပင်ထားတဲ့ JADE ACT၊ မြန်မာ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေ အပေါ် ထားရှိခဲ့တဲ့ ဘဏ္ဍာရေး အရေးယူ ပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို အထောက်အပံ့ပေးမှုကို ပိတ်ပင်ထားခဲ့မှု စတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်လည် ချမှတ်ဖို့ စဉ်းစား သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောကြား ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG