ပြင်းထန်နေဆဲ ဖားကန့်တိုက်ပွဲ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်သား တချို့ မှတ်တမ်း ဓာတ်ပုံ။ AP Photo/Khin Maung Win, File)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဖားကန့်မြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်လို့ ဒေသခံတွေ တိမ်းရှောင်တာတွေရှိနေကြပါတယ်။ ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ရေးသတင်းကို ရန်ကုန်က ပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာမှာ စက်တင်ဘာ ၇ရက်နေ့က စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ လက်ရှိတိုင် ဆက်လက်ပြင်းထန်နေဆဲရှိနေပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် မွန်းလွဲပိုင်းမှာ တိုက်ပွဲတွေ ဆက် ဖြစ်ကြောင်း ဖားကန့်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့လည်း ဆိုင်းတောင်ဘက်အခြမ်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဒီ စစ်ကောင်စီနဲ့ KIA၊ KPDF ပူးပေါင်းအဖွဲ့တွေနဲ့ပေ့ါနော်။ ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးတွေ လှမ်းထုနေတယ်။ ဆိုင်းတောင်ဘက်ခြမ်းမှာ အပြန်အလှန် ပစ်ခတ်နေကြတာပေါ့နော်။ ဒီနေ့ဆို ၁၄ရက်မြောက်ရှိပြီပေါ့နော်။”

လက်ရှိမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့်မြို့ကို ပိတ်ဆို့ထားပြီး ဖားကန့်မြို့ခံတွေကတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် တခြားအရပ်ကို တိမ်းရှောင်နေကြောင်း ဆက်ပြောပါတယ်။

“ လောလောဆည်က ဖားကန့်တဝိုက်ကိုလည်း KIA၊ KPDF အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ထားတာပေါ့နော်။ ဖားကန့်ဘက်မှာလည်း တမြို့လုံးနီးပါးထိ မြို့ပေါ်ရပ်ကွက်တွေ ပြောင်းကြတာပေါ့နော်။ ဆိုင်တွေအကုန်ပိတ်ထားတယ်။ ပစ္စည်းတွေ ရွှေ့ကြတယ်။ ပြောင်းကြတယ်။ ပြည်သူအတော်များများ စစ်ရှောင်ကြတာပေါ့။ အထုပ်အပိုးတွေနဲ့။ တမြို့လုံးအထုပ်အပိုးနဲ့ ထွက်ပြေးနေကြတာပဲတွေ့တယ်။ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေ မှော်ဝမ်းတို့၊ မရှီကထောင်တို့၊ ငှက်ပျောတောတို့ အကုန်ရွှေ့ကြတာပေါ့။ အဓိကက တိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်လို့ပေါ့။”

SEE ALSO: ဆိုင်းတောင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

လက်ရှိမှာ ဆိုင်းတောင်တိုက်ပွဲ ပြင်းထန်ပြီးနောက် ဆန်းကြွယ်၊ မှော်တောင်၊ ယူမာရပ်ကွက်၊ ဆိုင်းတောင်ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ၊ ကျောက်သွေးတောင်၊ ဖားပြင်၊ စပေါ့၊ ဘဇံချောင် စတဲ့ ကျေးရွာကဒေသခံ တသောင်းကျော်လောက် စစ်ရှောင်နေပါတယ်။

ဆိုင်းတောင်မှာဖြစ်ပွားတဲ့ သီတင်းနှစ်ပတ်ကြာ တိုက်ပွဲအတွင်းလက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၅၀ နီးပါးသေဆုံးပြီး နဲ့ လူ ၁၀၀ခန့် ဒဏ်ရာရရှိနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ အသေးစိတ်အခြေအနေကို စာရင်းကောက်ယူနိုင်တာမရှိသေးကြောင်းလည်း ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတချို့မှာတော့ KIA ၊ KPDF ပူးပေါင်းတပ်တွေက ဖားကန့်မြို့ရှိ ဗျူဟာကုန်းကို စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်တိုက်ခိုက်နေကြောင်း ဖော်ပြတာတွေ ရှိပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက မန္တလေးက ဆန်တက်လာတဲ့ လက်နက်နဲ့ ရိက္ခာတင် စစ်သင်္ဘော၇စင်းအနက်က တစင်းသာ ဗန်းမော်မြို့ကို ဆိုက်ရောက်ကြောင်းနဲ့ ကျန် သင်္ဘော ၆စင်းမှာ ၄စင်းကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး ၂စင်းကို နစ်မြုပ်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။

ဒီသတင်းနဲ့ ဖားကန့်မြို့ တိုက်ပွဲအခြေအနေကို မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Your browser doesn’t support HTML5

လေကြောင်းရန်ကာကွယ်ရေး လိုအပ်ချက် "မေးမြန်းခန်း"

တချိန်တည်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နောင်ချိုဘက်မှာလည်း စစ်ကောင်စီနဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့က နေ့ခင်း ၁၂နာရီခွဲကနေ ၂နာရီခန့်အထိ သီပေါမြို့နယ်အတွင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၃ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ဗုံးအပါအဝင် ဗုံး ၁၁လုံးကြဲချခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။ နောင်ချိုမြို့မှာတော့ ၁၉ရက်နေ့ မနက် ၃နာရီခန့်မှာ Y12 လေယာဉ်နဲ့ ဗုံးအလုံး ၆၀နီးပါး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေဟာ သီပေါမြို့ အခြေစိုက် ခလရ ၂၃၊ ခမရ ၅၀၃၊ ၅၀၄ နဲ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ် ( မစခ- ၉၀၂)၊ အမြောက်တပ်ရင်း ၃၅၄တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ကချင်နဲ့ ရှမ်းမြောက် တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ လတ်တလော ထုတ်ပြန်တာမျိုး မရှိပါဘူး။

Your browser doesn’t support HTML5

ပြင်းထန်နေဆဲ ဖားကန့်တိုက်ပွဲ