မြန်မာ့စီးပွားရေးတိုးတက်မှု လာမယ့်နှစ် ပိုအားကောင်းမည်ဟု ADB ခန့်မှန်း

ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

မြန်မာအစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက် လာနေပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI တွေလည်း တိုးလာနေ တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ လာမယ့်နှစ်တွေအတွင်း ပိုမို အားကောင်းလာဖို့ ရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းပါတယ်။ ၂၀၁၈ ခုနှစ် နောက်ဆုံး သုံးလပတ်ကာလ ကစလို့ မြန်မာနိုင်ငံတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ သိသိသာသာ တိုးလာခဲ့တဲ့အကြောင်း ဒီကနေ့ ADB ဘဏ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် စီးပွားရေး အလားအလာ သုံးသပ်ချက် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အစီရင်ခံစာ မိတ်ဆက်ပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

၂၀၁၁ ခုနှစ်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ လက်ရှိ အစိုးရအနေနဲ့လည်း စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းပြောင်းလဲမှုတွေကို အားစိုက်လုပ်ဆောင်လာနေတာ တွေ့ရပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို သိသိသာသာ တိုးလာနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က သုံးသပ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI ပမာဏဟာ ၁.၅ ဘီလျံအထိ တိုးလာခဲ့ပြီး ဒါဟာ ဒီ့အရင်နှစ် အဲ့ဒီကာလကထက် ၂ ဆနီးပါး တိုးလာတာ ဖြစ်တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆.၂ % ရှိခဲ့ပြီး၊ ဒီနှစ်နဲ့ ရှေ့နှစ်အတွင်းမှာတော့ ဒီ့ထက်ပိုပြီး တိုးတက်လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ADB အဖွဲ့က မြန်မာ့အရေးကျွမ်းကျင်သူ Yumiko Tamura က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီနှစ် ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၆.၆ % ဝန်းကျင်လောက် ဖြစ်လာနိုင်ပြီး အောက်တိုဘာလမှာ စတင်မယ့် ရှေ့ဘဏ္ဍာရေးနှစ်မှာတော့ ၆.၈% အထိ တိုးလာနိုင်တယ်လို့ ကျမတို့ ခန့်မှန်းပါတယ်။ အခုလို အကောင်းမြင်ခန့်မှန်းရတဲ့ အဓိက အချက်တွေထဲမှာတော့ အစိုးရအသုံးစရိတ် တိုးလာတာ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမို အားကောင်းလာဖို့အတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး အားကောင်းလာဖို့ ရှိနေတာတွေကြောင့် ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း အမေရိကားနဲ့ ဥရောပ လို အနောက်နိုင်ငံတွေက လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသည်အရေအတွက် နည်းပါးလာတာ ရှိပေမဲ့လို့ အာရှနဲ့ တခြားဒေသတွေကနေ လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကတော့ တိုးလာနေပြီး ရှေ့နှစ်တွေမှာ ပိုများလာဖို့ ခန့်မှန်း ရတဲ့အကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို အဓိက ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ထဲမှာတော့ - အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်တွေ ပြန်လည် ရုပ်သိမ်းလိုက်တာ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုတွေရဲ့ ရိုက်ခတ်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးနေတာအပြင် နေရာဒေသတချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးဆိုင်ရာ အခြေအနေ တခုလုံးကို ခြုံကြည့်ရင်တော့ အားရစရာ အခြေအနေတွေ ရှိနေတယ်လို့ Ms Yumiko Tamura က ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် စီးပွားရေး အလားအလာကောင်းတွေ ရှိနေတာကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ အတွက်ဆိုရင်တော့ - အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေကစပြီး စတင်လုပ်ဆောင်လာနေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီးတော့ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုပါတယ်။ အထူးသဖြင့် ပြည်သူ့ဘဏ္ဍာ စီမံဆောင်ရွက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ခိုင်မာအားကောင်းတဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေ နဲ့ စွမ်းရည်မြှင့်တင်မှုပိုင်းတွေမှာ တိုးတက်ကောင်းမွန်လာအောင် အရှိန်မြှင့် ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလို ဆောင်ရွက်ချက်တွေ နဲ့အတူ အများပါဝင်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်ဆိုရင်တော့ ရေရှည်ခိုင်မာတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်လာစေမှာပါ။”

မြန်မာအစိုးရအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ လူသားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးလာအောင် ဆောက်ရွက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုရင် လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အားကောင်းလာဖို့သာ ရှိတဲ့အကြောင်း ADB အဖွဲ့ကသုံးသပ်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့စီးပွားရေးတိုးတက်မှု လာမယ့်နှစ် ပိုအားကောင်းမည်ဟု ADB ခန့်မှန်း

Your browser doesn’t support HTML5

မြန်မာ့စီပွားရေးအလားအလာ ADB မျှော်မှန်းချက်