သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tak ခရိုင်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အထူးဇုံ သတ်မှတ်ဖို့ပြင်ဆင်


ထိုင်း-မြန်မာနယ်စပ် ဖြစ်ပေါ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရက လျှပ်စစ်မီးပေးတာ ရပ်တန့်လိုက်ပြီးနောက် မြဝတီခရိုင်ထဲက သောင်ရင်းမြစ်ဘေး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်နေတဲ့ အဆောက်အဦးသစ်များကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် ဖြစ်ပေါ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရက လျှပ်စစ်မီးပေးတာ ရပ်တန့်လိုက်ပြီးနောက် မြဝတီခရိုင်ထဲက သောင်ရင်းမြစ်ဘေး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်နေတဲ့ အဆောက်အဦးသစ်များကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ် ဖြစ်ပေါ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအရေး ကိုင်တွယ်ဖြေရှင်းရေးအတွက် Tak ခရိုင်အတွင်းက ဒေသ (၅) ခုကို အထူးဇုံအဖြစ် သတ်မှတ်ပေးဖို့ အမျိုးသားလုံခြုံရေးကောင်စီ တောင်းဆိုသွားမယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee က မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။

နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ နှိမ်နင်းရေးဌာနအကြီးအကဲအဖြစ်ပါ ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး Songwit က မြန်မာနိုင်ငံအတွင်းက ရွှေကုက္ကိုနဲ့ KK Park တို့မှာ ရှိနေကြတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ရေးကိစ္စကိုလည်း သူ့ဌာနက စဉ်းစားနေကြောင်း ပြောပါတယ်။

အခုချိန်ထိ လူပေါင်း ၃,၀၀၀ ကျော်ကို သူတို့နိုင်ငံရင်းဆီ ပြန်ပို့ပေးပြီးဖြစ်ပေမယ့် မြဝတီဘက်က အခြေအနေတွေကြောင့် ပြန်ပို့ရေးအစီအစဉ် နှောင့်နှေးနေတယ်လို့ ပြောပါတယ်။ လက်ရှိမှာ မိခင်နိုင်ငံကိုပြန်ဖို့ စောင့်ဆိုင်းနေသူ ၄,၀၀၀ လောက်ရှိနေပြီး တနေ့ကို ၅၀၀ နှုန်းနဲ့ ပြန်ပို့နိုင်ကြောင်းလည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ရေးအတွက် သူတို့အနေနဲ့ ကြိုးပမ်းနေကြောင်းနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ကလည်း တရားမဝင် ဝင်လာဖို့ကြိုးပမ်းသူ အများအပြားကို ဖမ်းဆီးမိနေကြောင်း ဗိုလ်ချုပ်ကြီး Songwit က ပြောပါတယ်။ နယ်စပ်ဒေသကို ပိုမို လုံခြုံအောင်လုပ်ဖို့လိုတယ်ဆိုတာကိုလည်း သူက အလေးပေး ပြောဆိုပါတယ်။

Tak ခရိုင်အတွင်းက ဒေသ (၅) ခုကို မလိုအပ်ဘဲ ဖြတ်သန်း သွားလာခွင့်မပြုတဲ့ဒေသအဖြစ် သတ်မှတ်ပေးဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသခံ အရာရှိတွေက တောင်းဆိုထားကြောင်းလည်း ဗိုလ်ချုပ်ကြီး Songwit က ပြောပါတယ်။

တကယ်လို့ အမျိုးသားလုံခြုံရေးဌာနကသာ ဒီတောင်းဆိုချက်ကို ခွင့်ပြုခဲ့မယ်ဆိုရင် အဲဒီ အထူးသတ်မှတ်ဇုံတွေအတွင်း လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီအဆိုပြုချက်ကို ဝန်ကြီးချုပ်ထံ လာမယ့် မတ်လ (၂၁) ရက်နေ့မှာ တင်ပြသွားမှာဖြစ်ကြောင်းနဲ့ ဝန်ကြီးချုပ်ကလည်း ဒီကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Songwit က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG