သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISIS-K အဖွဲ့ မော်တော်ယာဉ်ကို ကန် လေကြောင်းက ပစ်ခတ်ဖြိုခွင်း


ကာဘူးလ်လေဆိပ်မြင်ကွင်း။
ကာဘူးလ်လေဆိပ်မြင်ကွင်း။

Zawgyi/Unicode

ကာဘူးလ်မြို့လေဆိပ်လုံခြုံရေးကို ခြိမ်းချောက်နိုင်တယ်လို့ ယူဆရတဲ့ မော်တော်ယာဉ်တစီးကို အမေရိကန်က ဒီကနေ့ လေကြောင်းက တိုက်ခိုက်လိုက်တယ်လို့ ပြောပါတယ်။ အာဖဂန်နိုင်ငံမြို့တော်၊ ကာဘူးလေဆိပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်မပေါ် လာနိုင်ကြောင်း အမေရိကန်ဘက်က ပြောဆိုနေချိန်မှာဘဲ အခုလို တိုက်ခိုက်လိုက်တာပါ။

အခုလို လေကြောင်းက တိုက်ခိုက်မှုကြောင့် ISIS-K အဖွဲ့က လေဆိပ်ကိုတိုက်ခိုက်မယ့် အစီအစဉ်ကို ဟန့်တားလိုက်နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ISIS-K အဖွဲ့က ကာဘူးလ်လေဆိပ်မှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရသလို အနားမှာရှိသူ အများအပြားလည်း ထိခိုက် သေဆုံးခဲ့ကြပါတယ်။

အာဖဂန်နိုင်ငံကနေ လူတွေခေါ်ထုတ်နေတာမှာတော့ အမေရိကန်ပြည်ထောင်စုက တနင်္ဂနွေ မနက် ၃ နာရီမှာ နောက်ဆုံးထားပြီး ၁၂ နာရီအတွင်း လူပေါင်း ၂၉၀၀ ကို ခေါ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့က စပြီးဆိုရင် လူပေါင်း ၁ သိန်း ၁ သောင်း ၄၀၀၀ ကို အမေရိကန်က ခေါ်ထုတ်ပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောသွားပါတယ်။

ဒီအတောတွင်းမှာပဲ အာဖဂန်နိုင်ငံမှာ ဝန်ကြီးအဖွဲ့အသစ်ကို ကြေညာဖို့ နောက်ဆုံးအဆင့်ရောက်ရှိနေပြီလို့ ထိပ်တန်းတာလီဘန်ခေါင်းဆောင်တဦးက VOA ကို အတည်ပြုသွားပါတယ်။ ဝန်ကြီးအဖွဲ့မှာ အခု ဦးဆောင်မှုကောင်စီ Rahbari Shura က လက်ရှိအဖွဲ့ဝင်တွေအားလုံး ပါဝင်မှာ ဖြစ်တယ်လို့ အမည်မဖော်ပဲ အဲဒီတာလီဘန်ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။

တာလီဘန် ပြောခွင့်ရသူ Zabiullah Mujahid က လည်း ဝန်ကြီးအဖွဲ့ ရွေးချယ်မှု လုပ်ငန်းစဉ် ပြီးမြောက်ခါနီးဖြစ်ကြောင်း VOA ကို ပြောပါတယ်။ ဝန်ကြီးအဖွဲ့မှာ အဖွဲ့ဝင် ၂၆ ဦးမက ပါဝင်နိုင်ကြောင်းနဲ့ ဦးဆောင်မှုကောင်စီက မဟုတ်သူတွေလည်း ပါဝင်နိုင်တယ်လို့ သူက ပြောတာပါ။ တခါ ဝါရင့် အာဖဂန်ခေါင်းဆောင် တွေဟာ တာလီဘန်တွေနဲ့ ဆွေးနွေးပြောဆိုနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ အဲဒီထဲမှာ ဒေသရဲ့ သြဇာကြီး ခေါင်းဆောင် ၂ ဦးလည်းပါဝင်ပြီး နိုင်ငံရဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သတ်ပြီး လာမယ့် သတင်းပတ်တွေအတွင်း ညှိနှိုင်းဆွေးနွေးကြဖို့ လုပ်ဆောင်နေတယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

သူတို့အဖွဲ့ မှာ Uzbekk ခေါင်းဆောင် Abdul Rashid Dostum နဲ့ တာလီဘန်ကို ဆန့်ကျင်တဲ့ တခြား ခေါင်းဆောင်တွေပါကြောင်း ‘အာဖဂန်မြောက်ပိုင်း Balkh ပြည်နယ်က ခေါင်းဆောင် Atta Mohammad Noor ရဲ့ သားဖြစ်သူ khalid Noor က ‌ပြောပါတယ်။ သူ့အဖေနဲ့ Uzbek ခေါင်းဆောင်တို့ဟာ မြောက်ပိုင်းက မြီု့ကြီး တာလီဘန် လက်ထဲ ကျသွားကတည်းက နိုင်ငံကနေ ထွက်ခွာ သွားကြတာဖြစ်ပါတယ်။

Afghan နိုင်ငံအရေးက တဦးတဖွဲ့တည်း သွားဆွေးနွေးလို့ ဖြစ်မှာမဟုတ်လို့ အခုလို အဖွဲ့တွေ စုပေါင်းပြီး ဆွေးနွေးချင်တာဖြစ်ကြောင်း Mr Noor က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်



[Unicode]









ဆက်စပ်သတင်းများ ...

XS
SM
MD
LG