အိန္ဒိယ နိုင်ငံမှာ မုတ်သုံရာသီ ရေကြီးမှုတွေကြောင့် သေဆုံးသူ အရေအတွက်က အနည်းဆုံး လူပေါင်း ၁၄၄ ယောက် အထိ တိုးလာပြီး တနင်္ဂနွေနေ့မှာတော့ အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေးကို တိုးမြှင့် ဆောင်ရွက်နေကြပါတယ်။ ရေကြီးမှုကြောင့် နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ လမ်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ ဘာသာရေးပွဲတော်ဖြစ်တဲ့ အိဒ်ပွဲတော်ကို မြန်မာအပါအဝင် ကမ္ဘာနိုင်ငံတဝှမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဆင်နွဲကြပါတယ်။မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေလည်း အိဒ်ပွဲတော်ကို ၃ ရက်ကြာ ဆင်နွဲှနေကြပြီး မနက်ဖြန် တနင်္လာနေ့ကိုတော့ အိဒ်နေ့ အစိုးရရုံးပိတ်ရက်အဖြစ်နဲ့ သတ်မှတ်ပေးထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump ကတော့ အမေရိကန်ပြည်ထောင်စု အတွက် ဘယ်လိုခြိမ်းခြောက်မှုမှ မဖြစ်စေသလို၊ ဘာမှ ပြဿနာမရှိဘူးလို့ ပြောဆိုလိုက် ပါတယ်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘင်ဂါဇီမြို့မှာ စနေနေ့က ကားဗုံးတလုံး ပေါက်ကွဲတဲ့အတွက် ကုလသမဂ္ဂဝန်ထမ်း အနည်းဆုံး(၃)ဦး သေဆုံးသွား တယ်လို့ ကုလသမဂ္ဂပြောခွင့်ရတဦးက ဆိုပါတယ်။ အစ်ပွဲတော်ကာလအတွင်း Tripoli မြို့တော်က တိုက်ပွဲတွေ အပစ်ခတ်ရပ်စဲထားဖို့ သဘောတူညီမှု ရရှိခဲ့ကြချိန်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။
အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံ Congress ပါတီက အရင် ပါတီ အကြီးအကဲဟောင်း Sonia Gandhi ကို ပါတီရဲ့ ယာယီ ခေါင်းဆောင် အဖြစ် စနေနေ့မှာ ပြန်လည် ရွေးချယ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသမှာ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး ၆-ရက်မြောက်နေ့မှာပဲ ခရီးသွားလာခွင့် တားမြစ်ချက်ကို အာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ပြန်ရုပ်သိမ်းပေးလိုက်တဲ့အတွက် မူဆလင် အစ်ပွဲတော်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဝယ်ယူဖို့ ကက်ရှ်မီးယားရဲ့မြို့တော် Srinagar မှာ လူတွေနဲ့စည်းကားနေပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လက်ရှိ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်တာနဲ့ ဒုံးကျည်စမ်းသပ်တာတွေ ရပ်ပါမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ကတိပြုထားပြီး တာတိုပစ် ဒုံးကျည်တွေ စမ်းသပ်မှု အတွက် သူ့အခေါ် “ အသေးစား တောင်းပန်မှု တခု” လုပ်ခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတချို့ဒေသတွေမှာ မိုးသည်းထန် ရေလျှံပြီး မြေပြို လူသေဆုံးမှုတွေအထိဖြစ်နေချိန်မှာ လာမယ့် ရက်ပိုင်းတွေအတွင်း အထူးသဖြင့် ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ မိုးထပ်များနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးသွားပါတယ်။
အာဖရိကတိုက်အရှေ့ပိုင်း၊ တန်ဇေးနီးယားနိုင်ငံအရှေ့ဘက် Morogoro မြို့မှာ လောင်စာဆီ တင်တဲ့ကားကြီး ဒီကနေ့ ပေါက်ကွဲခဲ့တာကြောင့် လူ ၅၇ ယောက်ထက်မနည်းမီးလောင်ပြီး သေဆုံးခဲ့ရသလို ၆၇ ဦးထက်မနည်း တို့လည်း ဒဏ်ရာရသွားတယ်လို့ ရဲတို့ကပြောပါတယ်။
Lekima တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဒီကနေ့မှာဝင်ရောက်ခဲ့ပြီး၊ မုန်တိုင်းကြောင်း ၁၃ ယောက်သေဆုံးပြီး ၁၆ ယောက် ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် လူဦးရေး ၁ သန်းလောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေရာချထားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းစာက ပြောပါတယ်။
မြောက်ကိုရီးယားဟာ သီတင်း ၂ ပတ်အတွင်း ပဉ္စမအကြိမ်အဖြစ် ဒီနေ့ စနေနေ့မှာပဲ အရှေ့ဖက်ပင်လယ်ထဲကို ဒုံးကျည်တွေ ထပ်စမ်းသပ်ပစ်လွှတ်လိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဆီက သတင်းကောင်း တွေပါတဲ့ စာတစောင်လက်ခံရရှိတယ်လို့ အမေရိကန်သမ္မတ ပြောလိုက်ပြီး နောက်တရက်မှာပဲ ဒုံးကျည်စမ်းသပ်ပစ်လွှတ်လိုက်တာပါ။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား နောက်တကြော့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ချင်မှ စတင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောပါတယ်။ ဝါရှင်တန်မှာ ကျင်းပဖို့ရှိတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို ဖျက်သိမ်း မသိမ်း စောင့်ကြည်ရမယ်ဖြစ်ကြောင်း ထရမ့် ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Wiang Haeng ဒေသဟာ နောင်လာမယ့် နှစ်(၅၀)အတွင်း ပြင်းအား (၆.၇)ရှိ ငလျှင်တခုလှုပ်ခတ်မယ့် ဗဟိုချက်မ ဖြစ်လာနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်နားမှာ ရှင်သန်လှုပ်ရှားနေတဲ့ မြေအောက် ပြတ်ရွေ့ကြောကြီးတခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိ ခဲ့ပြီးနောက် ခုလို ထုတ်ဖေါ်ပြောဆို လိုက်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh ဟာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို သြဂုတ်လ ၁၁ ရက်က ၂၄ ရက်အထိ သွားရောက်မှာ ဖြစ်ပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး ရခိုင်အသင်း (စင်္ကာပူ) က ဥက္ကဋ္ဌ အပါအဝင် လူ ၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်မှာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅၀၀,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ အထောက်အထား မှတ်ပုံကဒ် ထုတ်ပေးပြီးသွားပြီလို့ UNHCR က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဟောင်ကောင်က ဆန္ဒပြတဲ့သူတွေဟာ နောက်ထပ်သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေကို ဒီကနေ့မှာ စတင်လိုက် ပါတယ်။ပုံမှန်အားဖြင့်တော့ ဆန္ဒပြပွဲတွေကို စနေနေ့မှာ စတင်လေ့ရှိပေမယ့် ဒီတပတ်မှာတော့ ဆန္ဒပြပွဲတွေကို တရက်စောပြီး လေဆိပ်မှာ လုပ်ခဲ့ကြပါတယ်။
အိန္ဒိယဖက်ခြမ်း ကက်ရှ်မီးယားနယ်မှာ မကြုံစဖူး ပိတ်ဖို့တားဆီးမှုတွေ ရှိနေစဉ်မှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီဒေသရဲ့ အထူးအခွင့်အရေးကို ဖျက်သိမ်းပြီး အိန္ဒိယအစိုးရ ထိန်းချုပ်မှုအောက်ကို ထည့်သွင်းလိုက်တဲ့အတွက် ခေတ်သစ်တခု စတင်လာစေမယ်လို့ ကတိပေးပြောကြား လိုက်ပါတယ်။
မွတ်ဆလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်ဥပဒေတွေပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ အခြေခံ ဥပဒေပြဌာန်းချက်ကို အိန္ဒိယဝန်ကြီးချုပ် Nerendra Modi ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက တနင်္လာနေ့က ပယ်ဖျက်ကြောင်း ကြေညာခဲ့တာပါ။
ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ဒီဒုက္ခသည်တွေကို ဌာနေပြန်ပို့ပြီး ပြဿနာကို စောစောဖြေရှင်းကြဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Syed Muazzem Ali က ကြာသပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်