သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက် ၂၃ ရက်နေ့ ICJ ချမှတ်မည်


ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာကိုယ်စား ထွက်ဆိုနေစဉ်။
ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာကိုယ်စား ထွက်ဆိုနေစဉ်။

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး မြန်မာနိုင်ငံက ကြားဖြတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက် အပေါ် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ က ဆုံးဖြတ်ချက်ချတော့မယ်လို့ ဂမ်ဘီယာ တရားရေးဌာနက Twitter မှာ အင်္ဂါနေ့က ကြေညာပါတယ်။

ကြားဖြတ်လုပ်ဆောင်ရမယ့် အချက်တွေအဖြစ် ဂမ်ဘီယာနိုင်ငံက တင်ပြထားတာ အချက် ၅ ချက်ရှိပါတယ်။ အဲဒါတွေကတော့ (၁) Genocide ပြစ်မှုဖြစ်စေတဲ့၊ ဒါမှမဟုတ် အကူအညီပေးတဲ့ လုပ်ရပ်တွေကို တားဆီးရေး လုပ်ဆောင်နိုင်သမျှအားလုံးကို ချက်ခြင်း လုပ်ဆောင်ဖို့၊ (၂) စစ်တပ်၊ ဒါမှမဟုတ် စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ စစ်တပ်ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတွေက Genocide ကျူးလွန်ခြင်းမရှိအောင် တားဆီးဖို့၊ (၃) ICJ မှာ ဂမ်ဘီယာရဲ့ လျှောက်ထားချက်ထဲပါတဲ့ ဖြစ်ရပ်တွေနဲ့ဆက်စပ်တဲ့ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ (၄) မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး အနေနဲ့ လက်ရှိ အငြင်းပွားမှု ပိုကြီးလာအောင်၊ ဒါမှမဟုတ် ပိုကြာသွားအောင်၊ ဒါမှမဟုတ် ဖြေရှင်းရပိုခက်အောင် မလုပ်ဖို့၊ (၅) ကြားဖြတ် လိုက်နာလုပ်ဆောင်ဖို့ ICJ က အမိန့် ထုတ်မယ်ဆိုရင် အကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင်ခံစာကို ၄ လအတွင်း ခုံံရုံးကို ပြန်တင်ပြဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ ဦးဆောင်တင်ပြခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမှု ကို ICJ က ကြားနာမယ့် အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့၊ အဲဒီလိုမဟုတ်ဘူးဆိုရင်လည်း တခြားတနည်းအနေနဲ့ ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်ပေးရေး ပန်ကြားချက်ကို ပယ်ဖျက်ပေးဖို့ ဒီဇင်ဘာလကလုပ်တဲ့ ကြားနာပွဲ နောက်ဆုံးနေ့မှာ လျှောက်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာပွဲတွေလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ARSA အဖွဲ့က ဝင်တိုက်ပြီးတဲ့နောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်တာကနေ ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ချီပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ချိုးဖောက် ထားတယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတာပါ။

ARSA အဖွဲ့ကို အကြမ်းဖက်ဝါဒီ အဖွဲ့တဖွဲ့အဖြစ် မြန်မာအစိုးရက သတ်မှတ် ကြေညာထားပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်တွေကို တောက်လျှောက်ငြင်းဆန်ထားသလို လူ့အခွင့် အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ထားတာကို အထောက်အထားနဲ့ တွေ့ရှိရင် ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်တယ်လို့ ပြောထားပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


------------------

[Unicode]








ဆက်စပ်သတင်းများ ...

XS
SM
MD
LG