မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ရာနဲ့ချီကို ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ဒီနေ့ ပြန်ပို့ခဲ့ပါတယ်။ မြဝတီမြို့ကနေ မြန်မာဘက်ကပြန်ပို့တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကနေ ပြန်ပို့ခဲ့တာပါ။
ပြင်သစ်အနေနဲ့ ယူကရိန်းကိုထောက်လှမ်းရေးအချက်အလက်တွေပေးသွားမယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sebastine Lecornu က ဒီကနေ့ကြာသပတေးနေ့မှာပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေမှု ရပ်ဆိုင်းတယ်လို့ ကြေညာခဲ့ပြီးနောက်မှာ ပြင်သစ်က အခုလိုလုပ်ဆောင်လိုက်တာပါ။
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံနား ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယားတိုက်လေယာဉ်နှစ်စင်းက Pocheon မြို့ လူနေရပ်ကွက်တခုပေါ် ဗုံး ၈ လုံး မှားယွင်းဗုံးကြဲချမှုကြောင့် (၁၅) ယောက် ဒဏ်ရာရသွားခဲ့ကြောင်း ကိုရီးယားစစ်တပ်နဲ့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟာမတ်စ် အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် Caroline Leavitt က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
၃ နှစ်ကြာလာပြီ ဖြစ်တဲ့စစ်ပွဲ အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ ယူကရိန်းနဲ့ ရုရှားကို ဖိအားပေးနေချိန်မှာ ယူကရိန်းအပေါ် ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေနေတာကို ဖြတ်တောက်လိုက်ကြောင်း အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး John Ratcliffe က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေ မရှိလို့ လာမယ့်လထဲမှာ အစားအစာခွဲတမ်း အတွက် တလ ၁၂.၅၀ ဒေါ်လာကနေ ၆ ဒေါ်လာကို လျှော့ချမှာဖြစ်ကြောင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနမှာ မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့) က ဖော်ပြပါတယ်။
တရုတ်ပြည်အနေနဲ့ ပြည်တွင်းဝယ်လိုအားတွေကျဆင်းနေပြီး ပြည်ပကအခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရပေမယ့်လည်း ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာနှုန်းအထိ ရည်မှန်းထား တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ထိုင်းနဲ့နယ်စပ် ကမ္ဘောဒီးယားနယ်မြေထဲက အွန်လိုင်းငွေလိမ်စင်တာတခုကို ဗုဒ္ဓဟူးနေ့မှာဝင်စီးနင်းပြီး ထိုင်းနိုင်ငံသား (၁၀၀) ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။ ဒါဟာ ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရာမှာ ထိုင်းနိုင်ငံသားတွေကို ပထမဦးဆုံးအကြိမ် ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းက လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေနေတဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကိုနှိမ်နင်းဖို့ နိုင်ငံတကာဆွေးနွေးပွဲတရပ်ကို ဂျပန်အနေနဲ့ ဦးဆောင်ကျင်းပသင့်တယ်လို့ ဂျပန် ဝန်ကြီးချုပ် Shigeru Ishiba ကဒီကနေ့ ဗုဒ္ဓဟူးနေ့ ဂျပန်လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘဲလာရုစ်သမ္မတ Lukashenko ရဲ့ ဖိတ်ကြားချက်အရ ဘဲလားရုစ်ကိုသွားမှာဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက မတ်လ (၄) ရက် မနေ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Donald Trump က အဲဒီနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကြောင့် ခုလို တုံ့ပြန် အခွန်တိုးကောက် မယ်ဆိုပြီး ပြောတာပါ။
ယူကရိန်းသမ္မတ Zelenskyy က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီလာဖို့ အဆင်သင့်ရှိကြောင်း စာတစောင်ပို့ခဲ့တယ်လို့ သမ္မတ Trump က ပြောလိုက်ပြီး “အရူးထတဲ့လုပ်ရပ်ကို ရပ်ဖို့၊ သတ်ဖြတ်နေတာတွေ ရပ်ဖို့၊ အဓိပ္ပါယ်မဲ့တဲ့စစ်ပွဲအဆုံးသတ်ချင်ရင် နှစ်ဘက်လုံးနဲ့ ဆွေးနွေးရမယ်။” လို့လည်း အင်္ဂါနေ့ညမိန့်ခွန်းမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်