တရုတ်ပြည်အနေနဲ့ ပြည်တွင်းဝယ်လိုအားတွေကျဆင်းနေပြီး ပြည်ပကအခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရပေမယ့်လည်း ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၅ ရာနှုန်းအထိ ရည်မှန်းထား တယ်လို့ တရုတ်ဝန်ကြီးချုပ် Li Qiang က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
ထိုင်းနဲ့နယ်စပ် ကမ္ဘောဒီးယားနယ်မြေထဲက အွန်လိုင်းငွေလိမ်စင်တာတခုကို ဗုဒ္ဓဟူးနေ့မှာဝင်စီးနင်းပြီး ထိုင်းနိုင်ငံသား (၁၀၀) ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။ ဒါဟာ ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နင်းရာမှာ ထိုင်းနိုင်ငံသားတွေကို ပထမဦးဆုံးအကြိမ် ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းက လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေနေတဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကိုနှိမ်နင်းဖို့ နိုင်ငံတကာဆွေးနွေးပွဲတရပ်ကို ဂျပန်အနေနဲ့ ဦးဆောင်ကျင်းပသင့်တယ်လို့ ဂျပန် ဝန်ကြီးချုပ် Shigeru Ishiba ကဒီကနေ့ ဗုဒ္ဓဟူးနေ့ ဂျပန်လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘဲလာရုစ်သမ္မတ Lukashenko ရဲ့ ဖိတ်ကြားချက်အရ ဘဲလားရုစ်ကိုသွားမှာဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက မတ်လ (၄) ရက် မနေ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Donald Trump က အဲဒီနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကြောင့် ခုလို တုံ့ပြန် အခွန်တိုးကောက် မယ်ဆိုပြီး ပြောတာပါ။
ယူကရိန်းသမ္မတ Zelenskyy က ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီလာဖို့ အဆင်သင့်ရှိကြောင်း စာတစောင်ပို့ခဲ့တယ်လို့ သမ္မတ Trump က ပြောလိုက်ပြီး “အရူးထတဲ့လုပ်ရပ်ကို ရပ်ဖို့၊ သတ်ဖြတ်နေတာတွေ ရပ်ဖို့၊ အဓိပ္ပါယ်မဲ့တဲ့စစ်ပွဲအဆုံးသတ်ချင်ရင် နှစ်ဘက်လုံးနဲ့ ဆွေးနွေးရမယ်။” လို့လည်း အင်္ဂါနေ့ညမိန့်ခွန်းမှာ ပြောပါတယ်။
ယူကရိန်းက ရုရှားနဲ့စစ်ကို မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ အဆင်သင့်ရှိပြီး အမေရိကန် သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အလုပ်လုပ်လိုပါတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
သူတို့နိုင်ငံထဲ သွင်းလာတဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် တန်ပြန် အခွန်ချမယ်လို့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
ယူကရိန်းကို အမေရိကန်က စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ဥရောပ ခေါင်းဆောင်တွေဟာ ရုရှားအန္တရာယ်ကနေ ဥရောပကိုကာကွယ်ရေး ခြေလှမ်းတွေ ဆွေးနွေးဖို့အတွက် ကြာသပတေးနေ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံကြပါမယ်။
စင်ကာပူမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ငွေအမြောက်အများဆုံးရှုံးခဲ့တာကြောင့် အဲဒီလို လိမ်လည်သူတွေကို ကြိမ်ဒဏ်ပေးသွားဖို့ စဥ်းစားသုံးသပ်နေတယ်လို့ စင်ကာပူအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ကယ်ထုတ်နိုင်တဲ့ ကင်ညာနိုင်ငံသား (၆၀) ကျော်ဟာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ပိတ်မိနေကြောင်း ကင်ညာအစိုးရက ဒီကနေ့ မတ်လ (၄) ရက်နေ့မှာ ပြောပါတယ်။
ယူကရိန်းကိုပေးနေတဲ့အကူအညီတွေ ဆိုင်းငံ့တာနဲ့ပတ်သက်ပြီး “သမ္မတက ငြိမ်းချမ်းရေးအပေါ် အာရုံစိုက်ဆောင်ရွက်တာ ရှင်းပါတယ်။ ကျနော်တို့ လက်တွဲဘက်တွေ အနေနဲ့ အဲဒီရည်မှန်းချက်နဲ့ပတ်သက်ပြီး ထပ်တူရပ်တည်ဖို့ လိုအပ်ပါတယ်။” လို့လည်း ထရမ့်အစိုးရ အဆင့်မြင့် အရာရှိတဦးက VOA ကို အီးမေးနဲ့ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်