အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးတွေ သယ်ဆောင်သူတွေဟာ ရေလမ်းကြောင်းအတွက် Star Link ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးခဲ့တာကြောင့် အသေးစိတ်အချက်အလက်တွေ သိရဖို့ အိန္ဒိယအာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာကို ဒီဇင်ဘာ ၁ ရက်မှာ စစ်ကောင်စီဘက်က ဗုံးကြဲခဲ့လို့ အရပ်သား ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ သေဆုံးမှုတွေလည်း တိုးလာနေတာပါ။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆိုင်ခွန်ကျေးရွာပေါ် စစ်ကောင်စီ ၅ကြိမ် ဗုံးလာကြဲသွားလို့ အရပ်သား ၁ဦး သေဆုံးပြီး အနည်းဆုံး ၄ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကိုအတည်ပြုပါတယ်။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့ မဲဆောက်ကနေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပေးထားတဲ့ တရားမဝင် အင်တာနက် ကေဘယ်လိုင်း ကြိုး ၁၆ ကြိုးကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေ ခက်ခဲကြပ်တည်းလာနေပြီး အလုပ်အကိုင်ရှားပါးမှု စားနပ်ရိက္ခာပြတ်လပ်မှု ဆေးဝါးမလုံလောက်မှု စတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေသတွင်းနေထိုင်သူတွေကပြောပါတယ်။
ထိုင်းငါးဖမ်းစက်လှေပေါ်ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲရှိပြီး၊ ဖမ်းဆီးထားတဲ့ မြန်မာရော ထိုင်းနိုင်ငံသားအားလုံး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး အရပ်သား နေအိမ်တချို့ မီးရှို့ခံရပါတယ်။ ပွင့်ဖြူမြို့နဲ့ စေတုတ္တရာမြို့နယ်မှာလည်း အရပ်သား ၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားငါးရာခန့်ကို နိုဝင်ဘာ ၃၀ ရက် မနက်အစောပိုင်းက ပဲခူးတိုင်း၊ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။
ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီဇင်ဘာလ၂ရက်နေ့မှာ ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံသား ၄ဦးကိုပြန်လွှတ်ပေးဖို့တောင်းဆိုတာတွေရှိပေမယ့် မြန်မာရေလုပ်သား ၂၇ ဦးကိစ္စကိုတော့ တောင်းဆိုတာမတွေ့ရဘူးလို့အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။
တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအပါအဝင်အလုပ်သမား ၆ဦးဟာနိုဝင်ဘာလ ၂၉ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုအတွက် အလုပ်ရှင်ဘက်က နစ်နာကြေး ဘတ်ငွေ ၈သိန်း၆သောင်းကျော်ကနေ ဘတ်ငွေ တသန်းထိပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ Gaibandha ခရိုင်အတွင်းက ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ မဲပေးခွင့်မှတ်ပုံတင်လာလုပ်သူ ရိုဟင်ဂျာ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ အပါအဝင် နေရာတော်တော်များများမှာ စက်သုံးဆီဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စက်သုံးဆီကား အဝင်ပိတ်ထားလို့ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့ စက်သုံးဆီကိုသာ အဓိကထား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်