စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေး တင်းမာ နေတာကြောင့် ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အသွားအလာတွေ ကန့်သတ်ဖို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ကြေညာထားတာပါ။
"အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနဲ့ မြောက်ပိုင်းဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ပြီး နိုင်ငံတွင်း စစ်ပွဲတွေဖြစ်ပွားတာကို အခိုင်အမာဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေအမြန်ဆုံး ပုံမှန် ပြန်ပြီး အေးဆေးတည်ငြိမ်လာဖို့ မျှော်လင့်ပါတယ်။" (Mao Ning - တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို AA အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာတချို့မီးလောင်ပျက်စီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ မက်သာအက်ဖာတမင်း (methamphetamine) မူးယစ်ဆေး ၅ ဒသမ ၅ တန်ကို အိန္ဒိယကမ်းခြေစောင့်တပ်က အင်္ဂါနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဒါဟာပမာဏအများဆုံးဖမ်းဆီးမိတာဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်တွေက ထုတ်ဖေါ်ကြေညာပါတယ်။
ကရင်ပြည် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး စစ်ကောင်စီတပ်တွေနဲ့ KNLA နဲ့ ပူးပေါင်း တပ်တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက နောက်ထပ် တပ် အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေပြင်းထန်မယ့် အလားအလာတွေ ရှိနေတယ် လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဂိတ်ကနေ တရုတ်စားသောက်ကုန်နဲ့ အဝတ်အထည်တွေကို တနိုင်တပိုင် သယ်ယူခွင့်ကို အခုရက်ပိုင်းထဲ တရုတ်ဘက်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် စခန်းဟာ ရိုဟင်ဂျာစစ်သားတွေကို မွေးထုတ်ပေးရာ နေရာဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်နေ့ က ရေးပါတယ်။
ထိုင်းနိုင်ငံတွင်းအထောက်အထားမဲ့ဝင်ရောက်ပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၉ ဦးကို အလုံပိတ်ကားထဲ ထည့်ခေါ်လာတာ ထိုင်းတောင်ပိုင်း စိုင်ဘူရီခရိုင်ထဲမှာဖမ်းမိခဲ့ပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ မြို့သိမ်း စစ်ဆင်ရေးကြောင့် တိုက်ပွဲတွေပြင်းထန်လို့တိမ်းရှောင်နေရတဲ့ ပုလဲမြို့နယ်က စစ်ဘေးရှောင် ၃ သောင်းလောက်ဟာ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲ စစ်ကောင်စီစစ်ကြောင်းလှည့်နေတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသလို ဒေသခံတချို့ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကရင်နီနယ်စပ် ဖယ်ခုံမြို့ အဝင်အထွက်အသွားအလာလုပ်နေတဲ့ ဒေသခံတွေကို ဖယ်ခုံမြို့ပေါ်မှာ စခန်းချလာတဲ့ စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဖယ်ခုံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာအခြေစိုက်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ ၁၇၁ စစ်ဒေသက တပ်စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထားဖယ်ရှားဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်