အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားခဲ့တဲ့အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ်အဖြစ် Prabowo Subianto ဒီကနေ့ပဲ ကျမ်းသစ္စာကျိန်ဆို လိုက်ပါတယ်။ ရိုးရာဝတ်စုံ ဝတ်စားထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Subianto လွှတ်တော်ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပြီး ကမ္ဘာမှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တာပါ။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို စောင့်ကြည့်သွားမယ့် အဖွဲ့တဖွဲ့ကို အမေရိကန်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့အပေါ် ဥပဒေမဲ့ တရားဝင်မှုမရှိတဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ဒီကနေ့ပဲ ဝေဖန်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၀၀ ကျော်ကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ထိမှန်ရာက လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
အီရန် ဦးဆောင်ပြီး ရုရှားနဲ့ အိုမန်တို့ ပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်ခဲ့ပြီး လေ့လာသူတွေ အဖြစ် နိုင်ငံပေါင်း ၉ နိုင်ငံက တက်ရောက်ခဲ့ကြကြောင်း အီရန်အစိုးရ ရုပ်သံမှာ ဖေါ်ပြပါတယ်။
အရှေ့ အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်၊ ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ဖိအားတွေ တိုးလာနေချိန်မှာ ကမ္ဘာ့လုံခြုံရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ကာကွယ်ရေးဝန်ကြီးတွေ ဒီကနေ့ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေ နေအိမ်ရှိရာကို ဒရုန်းတစင်း ဒီနေ့ပျံသန်းလာခဲ့ပေမဲ့ အဲဒီအချိန် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ကတော်တို့ အိမ်မှာရှိမနေဘူးလို့ ပြောခွင့်ရကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မန္တလေးမြို့က ကောင်စစ်ရေးရာဌာ မနေ့ အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျုံးတောင်ဘက်မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးဝန်းထဲမှာ မနေ့က ညနေစောင်းပိုင်းမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးအစီအစဉ်အရ ယူကရိန်းစစ်သား ၉၅ ယောက် အိမ်ပြန်ရောက်လာကြပြီလို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက်အကျဥ်းသား ၉၅ ယောက်စီ အပြန်အလှန် သောကြာနေ့ ညပိုင်းက လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးမဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်လာတဲ့ အထောက်အထားတွေ ပိုတွေ့လာရတာအတွက် အမေရိကန်က စိုးရိမ်လာပြီး ဒါဟာ ယူကရိန်းကျူးကျော်စစ်ပွဲကို တိုးမြှင့်တိုက်ခိုက်ဖို့ ရုရှားက လုပ်နေတယ်လို့လည်း မြင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်