ဥရောပသမဂ္ဂ (EU) ရဲ့ ထိပ်တန်းသံတမန်သစ် Kaja Kallas နဲ့ ဥရောပကောင်စီအကြီးအကဲ Antonio Costa တို့ဟာ သူတို့လုပ်ငန်းတာဝန်တွေ စတင်တဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို သွားရောက်ခဲ့ကြပါတယ်။
အကူအညီပေးရေး ယာဉ်တန်းတွေကို မကြာသေးခင်က လုယက်ခဲ့ကြတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂါဇာဒေသကို နယ်စပ်ကဖြတ်ပြီး အကူအညီတွေ ပေးပို့နေတာကို ရပ်ထားမှာဖြစ်ကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုအတွက် ကန့်ကွက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
နာမည်ကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ၂၀၂၅ မေလမှာ ရီယိုဒီဂျနေးရိုးမြို့က ကိုပါကာဘာနာကမ်းခြေမှာ အခမဲ့ဖျော်ဖြေပွဲ ကျင်းပမယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားသူ ၂ ဦးက နိုဝင်ဘာ ၂၉ ရက်မှာ ရိုက်တာကို ပြောပါတယ်။
BRICS လို့ အတိုကောက်ခေါ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်တဲ့ ၉ နိုင်ငံ မဟာမိတ်အဖွဲ့အနေနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းအောင် လုပ်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေက သွင်းကုန်တွေကို ၁၀၀ % အခွန်တိုးကောက်မယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
ဂါဇာစစ်ပွဲ ဖြစ်အောင် စခဲ့တဲ့ ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ WCK ဝန်ထမ်းတဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောဆိုခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ချက်ချင်း သိရဖို့ လုပ်နေတယ်လို့ WCK ပရဟိတ အဖွဲ့က ပြောပါတယ်။
ယူကရိန်းကို ရုရှား စတင်ကျူးကျော် တိုက်ခိုက်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ယူကရိန်း အရပ်ဘက်လေဆိပ် ၁၅ ခု ထိခိုက်ခဲ့ရတယ်လို့ ယူကရိန်း ဝန်ကြီးချုပ် အဲနက်စ် ရှမီးဟောင် Denys Shmyhal ပြောဆိုတာကို ယူကရိန်း ဒေသတွင်း သတင်းတွေမှာ စနေနေ့က ကိုးကား ဖော်ပြကြပါတယ်။
အမေရိကန်က ရွေးကောက်ခံသမ္မတ Trump ကို ကနေဒါဝန်ကြီးချုပ် Trudeau သောကြာနေ့က လာရောက်တွေ့ဆုံခဲ့ပါတယ်။ သူသမ္မတ တာဝန်စယူတာနဲ့ ကနေဒါက သွင်းကုန်တွေကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ Trump က ပြောထားချိန်မှာ Florida ပြည်နယ်က Mar-a-Lago စံအိမ်မှာ ကနေဒါဝန်ကြီးချုပ် လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံက အကြီးဆုံး Aleppo မြို့နေရာ အများစုကို ဆီးရီးယားသူပုန်အဖွဲ့တွေ ထိန်းချုပ်ထားလိုက်ပြီလို့ စစ်ပွဲစောင့်ကြည့်ရေး War Monitor အဖွဲ့က ဒီကနေ့ စနေနေ့မှာပြောဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ငါးဖမ်းသမား ၁ ယောက် သေဆုံးခဲ့ပြီး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရေတပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ် စိန်မာတင်ကျွန်းနားမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ငါးဖမ်းစက်လှေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြခဲ့တာ မဟုတ်မမှန်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်