ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြရတော့မှာပါ။
ဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြင့် ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
ရာဇဝတ်မှု နောက်ကြောင်းမရှင်းသူ တယောက်ကို အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့တဲ့ ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ တရားသူကြီး ၉ ဦးအနက် ၅ ဦးကအပြစ်ရှိကြောင်း မဲပေးခဲ့တာကြောင့် ဝန်ကြီးချုပ်ဟာ ရာထူးကနေဆင်းပေးရမှာပါ။
ရုရှားရဲ့ Kursk ဒေသကို ရေရှည်ထိန်းထားဖို့ စိတ်မဝင်စားကြောင်း ယူကရိန်းက အင်္ဂါနေ့ကပြောပါတယ်။ ဒါပေမဲ့ ခုအချိန်မှာ ဒါကြောင့် ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်တွေပိုပြီးပို့ဖို့ ကြိုးစားနေတာတွေ ခက်ခဲသွားနိုင်တယ် လို့ ယူကရိန်းက ပြောပါတယ်။
အမေရိကန်ကုမ္ပဏီ Boeing ဆီက အပါချီ တိုက်ရဟတ်ယာဥ် ၉၆ စီး ဝယ်ယူမယ့် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စာချုပ်ကို ပိုလန်က အင်္ဂါနေ့က လက်မှတ်ထိုးလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးကတည်းက ပိုလန်နိုင်ငံဟာ သူ့ရဲ့လက်နက်ကိုင်တပ်တွေ ခေတ်မီဖို့ အရှိန်မြှင့် လုပ်ဆောင်နေခဲ့တာပါ။
ဟာမတ်စ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအတွက် လက်စားချေမှုတွေ မလုပ်ဆောင်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် ၃ နိုင်ငံရဲ့ တောင်းဆိုမှုကို အီရန်က ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးအရ ယုတ္တိမရှိတဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို မနေ့က အိုလံပစ် အလံ ဆိုက်ရောက်လာပါတယ်။ အမေရိကန် အားကစားအသင်း Tracksuit ဝတ်ထားတဲ့ Los Angeles မြို့တော်ဝန် Karen Bass က ပြင်သစ်နိုင်ငံကနေ ဂျက်လေယာဉ်နဲ့ အလံကို သယ်လာခဲ့တာပါ။
တနင်္လာနေ့က ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk တို့နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို Elon Musk ရဲ့ X လူမှုကွန်ယက်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် နည်းပညာပိုင်းချို့ယွင်းမှုတွေကြောင့် ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပါတယ်။
ဂရိနိုင်ငံ၊ မြို့တော်အေသင်အနီးထိရောက်လာတဲ့ ပြင်းထန်လှတဲ့တောမီးကြီးတွေဟာ တနင်္လာနေ့မှာတော့ မြို့စွန်ထိ ကူးစက်လာပါတယ်။ အိမ်တွေ ကားတွေ မီးဘေးသင့်ပြီး လမ်းတွေလည်း မီးခိုးတွေ ပြာမှုန်တွေနဲ့ ဖုံးအုပ်ကုန်သလို ရာနဲ့ချီတဲ့လူတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရပါတယ်။
ရုရှားက Kursk ဒေသထဲ ယူကရိန်းတို့ ကျူးကျော်လာတာဟာ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသထဲက ရုရှားတို့ရဲ့ထိုးစစ်ကို အာရုံလွှဲဖို့ ကြိုးပမ်းချက်သာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က တနင်္လာနေ့မှာ ပြောပါတယ်။ စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းတဲ့အခါ အနေအထားကောင်းတခုကိုရဖို့ ကြိုးပမ်းမှုလို့လည်း ပူတင်ကပြောပါတယ်။
ရခိုင်ပြည်နယ်မောင်တောနဲ့ ရှမ်းပြည်နယ်လားရှိုးတို့မှာ ပြင်းထန်တဲ့တိုက်ပွဲ တွေကရှောင်ဖို့ ကြိုးပမ်းကြတဲ့အရပ်သားတွေ သတ်ဖြတ်ခံနေကြရတဲ့ သတင်းတွေကြားနေရပြီး ပြင်းထန်လာတဲ့ပဋိပက္ခတွေကြား သန်းနဲ့ချီတဲ့ပြည်သူတွေက မြေဇာပင်ဖြစ်ကြရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရ Farhan Haq ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရာထူးက နုတ်ထွက်ခဲ့ရတဲ့ ပြည်တွင်းဆန္ဒပြပွဲတွေအပြီး အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးရုန်းရင်းဆန်ခတ်တွေကနေ လွတ်အောင် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဒါဇင်နီးပါးကို အိန္ဒိယကဖမ်းဆီးလိုက်ကြောင်း နယ်စပ်အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်