ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင်း Shanshan ဦးတည်တိုက်ခတ်ဖို့ရှိတာကြောင့် လူထောင်နဲ့ချီကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့အမိန့်ထုတ်ထားပါတယ်။ တိုင်ဖွန်း Shanshan ဟာ ဒီကနေ့ ကျူရှူးကျွန်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာပါ။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို စောင့်ရှောက်လိုက်ပါပေးဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး တိုင်ပင်လာမယ်ဆိုရင် တံခါးဖွင့်ထားပါတယ်လို့ အမေရိကန်ရေတပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ရုရှား-ယူကရိန်းစစ် မြန်မြန် အဆုံးသတ်ရေးကို သူထောက်ခံတယ်လို့ ယူကရိန်းကိုသွားခဲ့ပြီး ရက်အတော်ကြာမှာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီက ရုရှားသမ္မတပူတင်ကို ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တယ်လီဖုန်းပြောပြီး နောက်တရက် အင်္ဂါနေ့ ရုရှားခေါင်းဆောင်နဲ့ ဆွေးနွေးရာမှာ မိုဒီက ခုလို ပြောလိုက်တာပါ။
ရုရှား Kursk ဒေသမှာ ၁,၃၀၀ စတုရန်း,ကီလိုမီတာကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး ရုရှားတပ်သား ၅၉၄ ယောက်ကို အကျဥ်းသားအဖြစ် ဖမ်းဆီးထားတယ်လို့ ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi) က အင်္ဂါနေ့က ပြောပါတယ်။
ဂျပန်လေပိုင်နက်ထဲ တနင်္လာနေ့က ကျူးကျော်ခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစင်းကို ဂျပန် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရကြောင်းနဲ့ နာဂါဆာကီစီရင်စုထဲက Danjo ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။
ဟာမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် ပြီးခဲ့တဲ့လအတွင်း လုပ်ကြံ သတ်ဖြတ်ခံရမှုအတွက် အီရန်အနေနဲ့ သေချာ တွက်ချက်ပြီး မဖြစ်မနေ လက်စားချေသွားမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ပြောပါတယ်။
Telegram တည်ထောင်ဖန်တီးသူ Pavel Durov ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဘာမှ ဖုံးကွယ်ထားတာ မရှိတဲ့အကြောင်း နဲ့ သူတည်ထောင်တဲ့ App ကို အလွဲသုံးစားလုပ်တာနဲ့ ပတ်သက်လို့ ပိုင်ရှင်ကို ဖမ်းဆီးတာဟာ အဓိပ္ပာယ်မရှိတဲ့အကြောင်း Telegram app က ကြေညာချက် ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ရုတ်တရက် ရေကြီးရေလျှံမှုတွေ ထပ်ပြီး ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မြောက်ကိုရီးယား ပြည်တွင်းဖြစ် ဒရုန်းယာဉ်တွေ စမ်းသပ်တာကို ခေါင်းဆောင် Kim Jong Un စစ်ဆေး ကြည့်ရှု့ခဲ့တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းကဖော်ပြပါတယ်။ ခေါင်းဆောင် Kim Jong Un က စနေနေ့က ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကို သွားရောက်ပြီးတော့ ဒရုန်းယာဉ်တွေ စမ်းသပ် ပျံသန်းတာကို စစ်ဆေးကြည့်ရှုခဲ့တာပါ။
ရုရှားရဲ့ နယ်စပ်ဒေသ Belgorod ကို ယူကရိန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ငါးဦးသေဆုံး တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းအရှေ့ခြမ်းက ဟိုတယ်တခုကို ရုရှားတပ်တွေ တိုက်ခိုက်လို့ သတင်းထောက်တဦးပျောက်ဆုံးနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
ဂျာမနီနိုင်ငံအနောက်ပိုင်း Solingen မြို့မှာ လူ ၃ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဓားနဲ့ထိုး တိုက်ခိုက်မှုမှာ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူဟာ အသက် ၂၆ နှစ်အရွယ် ဆီးရီးယားအမျိုးသားဖြစ်ကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်