အမေရိကန်က ရွေးကောက်ခံသမ္မတ Trump ကို ကနေဒါဝန်ကြီးချုပ် Trudeau သောကြာနေ့က လာရောက်တွေ့ဆုံခဲ့ပါတယ်။ သူသမ္မတ တာဝန်စယူတာနဲ့ ကနေဒါက သွင်းကုန်တွေကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ Trump က ပြောထားချိန်မှာ Florida ပြည်နယ်က Mar-a-Lago စံအိမ်မှာ ကနေဒါဝန်ကြီးချုပ် လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံက အကြီးဆုံး Aleppo မြို့နေရာ အများစုကို ဆီးရီးယားသူပုန်အဖွဲ့တွေ ထိန်းချုပ်ထားလိုက်ပြီလို့ စစ်ပွဲစောင့်ကြည့်ရေး War Monitor အဖွဲ့က ဒီကနေ့ စနေနေ့မှာပြောဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ငါးဖမ်းသမား ၁ ယောက် သေဆုံးခဲ့ပြီး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရေတပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ် စိန်မာတင်ကျွန်းနားမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ငါးဖမ်းစက်လှေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြခဲ့တာ မဟုတ်မမှန်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံမြောက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုတွေ ဖြစ်နေတဲ့အတွက် လူ ၁၂၂ ၀၀၀ (တသိန်းနှစ် သောင်းနှစ်ထောင်) လောက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ မလေးရှား သဘာဝဘေး အန္တရာယ် တုန့်ပြန်ဆောင်ရွက်ရေး တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောဆိုပါတယ်။
ပြည်နယ် ၉ ခုမှာရှိတဲ့ အိမ်ခြေ ၂၈၀၀၀ ကျော်၊ လူဦးရေ အားဖြင့် ၉၄၇၇၀ ကျော်ကို ယာယီခိုလုံရေးစခန်း ၅၀၀ ကျော်ဖွင့်ပြီး နေရာချထားပေးနေတဲ့အကြောင်း မလေးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာနရဲ့ အွန်လိုင်းစာမျက်နှာ ပေါ်မှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ရှေ့သီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ကျင်းပမယ့် မြောက်အန္တလတ္တိတ် မဟာမိတ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့် ထပ်မံ ကမ်းလှမ်းပေးဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းနေတဲ့ အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အီရန်နိုင်ငံရဲ့ အဓိက နျူကလီးယား စက်ရုံကြီးနှစ်ခုဖြစ်တဲ့ Fordo နဲ့ Natanz မှာ အဆင့်မြင့် ဗဟိုအားခွာစက်တွေ ထောင်နဲ့ချီ သုံးပြီး ယူရေနီယံ သန့်စင်မှုတွေ လုပ်သွားဖို့ အီရန်ကလုပ်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သောကြာနေ့က ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးကို ၅ နှစ်ကျော် အချိန်ယူ ပြုပြင် မွမ်းမံခဲ့ပြီးတဲ့နောက် အသစ်တဖန် ခန့်ညားတောက်ပနေတဲ့ ဘုရားကျောင်းကြီးကို ရုပ်သံ ဖန်သားပြင်ပေါ် ကနေ ကမ္ဘာတဝန်းကလူတွေ သောကြာနေ့က ပြန်မြင်ခွင့်ရခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စပြီး ၃ ရက်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိနေပါတယ်။
တရုတ်အစိုးရ သတင်းမီဒီယာက ဝါရင့်သတင်းထောက် Dong Yuyu ကို သူလျှိုလုပ်မှုနဲ့ ဘေဂျင်းမြို့ တရားရုံးတခုက ထောင်ဒဏ် ၇ ချလိုက်ပါတယ်။ သူ့ကိုထောင်ဒဏ်ချလိုက်တဲ့အကြောင်းကို မိသားစုက ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လုံးဝမမျှတတဲ့ တရားရုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြပြောဆို ခဲ့ပါတယ်။
အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား တနှစ်ကျော်ကြာ တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီး တရက်အကြာမှာ ကျိုးပေါက်ခဲ့တဲ့ အပေါ် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်